ကျွန်တော်တို့က အသစ်လာမယ့် AI က အလုပ်တွကိုယူသွားမှာကိုကြောက်နေတာ။ ကျွန်တော်တို့ နဂိုကတည်းက တချို့အလုပ်တွေကို စက်တွေက ယူသွားတာဆိုတာ ဒုနဲ့ဒေး။ မမြင်တာမဟုတ်ပဲ မျက်ကွယ်ပြုလိုက်တာ၊ ကျင့်သားရသွားတာဆို ပိုမှန်မယ်။
ကျွန်တော်တို့ ကားတွေ စီးနေတယ်။ အရင်တုန်းက ကားတွေရှိလို့လား။ လူတွေ၊ နွားတွေ၊ မြင်းတွေနဲ့ စီးခဲ့ကြတာ မနေ့တနေ့ကအထိပဲ။ ကျွန်တော်တို့ နိုင်ငံ ကျေးလက်တွေတောင် ၂၀၁၀ အရှေ့ပိုင်းကာလတွေအထိက သွားရင် လာရင် မြင်းလှည်းတွေ၊ နွားလှည်းတွေနဲ့ပဲ သွားရတာ။ မြင်းလှည်းက လေးနဲ့လုပ်ထားတော့ ပိုငြိမ့်တယ်။ ဒါပေမယ့် လမ်းတကယ်ကြမ်းရင်ကျတော့ နွားလှည်းမှ ခံနိုင်တာ။ အဲဒီလေးကပဲဒုက္ခပြန်ပေးတာပဲ။ အခုတော့ အိမ်တိုင်း ဆိုင်ကယ်တွေတောင် ပလူပျံနေရော။
အဲဒီစက်တွေက အစားထိုးသွားလို့ ဘယ်နွား၊ ဘယ်မြင်းမှ အလုပ်ပြုတ်ပြီး လေလွင့်မနေဘူး။ သဘာဝအရ သူ့နည်းသူ့ဟန်နဲ့ လည်ပတ်သွားတာပဲ။ လူတွေ သတ္တဝါတွေက ထူးဆန်းတယ်။ မလိုရင် အများကြီးမမွေးတော့ဘူး။ အဲဒီအတွက်ကြောင့် လျော့သွားတယ်။ ဒါက ထုံးစံ။ (ဒီကနေ့ လမ်းမှာ CV ကိုင်ပြီး ပတ်သွားနေတဲ့ မြင်းတွေ၊ နွားတွေများရှိရင် ပြပါဦး)..
ကျွန်တော်တို့မျက်စိအောက်မှာတင်ပဲ ရထားတွေမှာ မောင်းသူမပါတော့တာကို နေ့တိုင်းစီးနေကြတာပဲ။ အစားထိုးလားဆိုတော့ အဲဒီကောင် အူကြောင်ကြောင်လုပ်ရင် လိုက်စစ်ရတဲ့ supervisor တစ်ယောက်ပါလာတယ်။ စလုံးမှာရှိနေတုန်း ရထားတွေပျက်တော့ မိုးရွာကြီးထဲ ရထားတွေ တန်းစီနေတာကို ရပ်ကြည့်ခဲ့ရသေးတယ်။ ဘယ်အရာမှ ခြောက်ပစ်ကင်း သဲလဲစင်မဖြစ်ပါဘူး။ အဲဒီသဘောပါပဲ။ လူမဲ့ရထားတွေ တစ်နေတာ ပျော်စရာကြီး။ ကိုယ့်ဘူတာ ရောက်ခါနီးမှာဖြစ်တော့ ပိုပျော်ရပါတယ်။
စက်တွေလည်း အမှားလုပ်တတ်ပါတယ်။ လူတွေအပင်ပန်းခံရတာသက်သာအောင်လို့ စက်တွေအစားထိုးတာ။ ဒီနေ့ ရန်ကုန်၊ ဘန်ကောက်နဲ့ စင်္ကာပူမှာ ရုံးတက်ရုံးဆင်းကို လူတွေနဲ့ပြန်အစားထိုးရင် အဆင်ဘယ်ပြေမလဲ။ ဘန်ကောက်မှာ အစိမ်းလိုင်းတက်တဲ့အုပ်တင် နည်းတာမှမဟုတ်တာ။ လူအုပ်ကြီးကို လှည်းတွေနဲ့တင်ပြီးမောင်းနေတာကို မျက်စိထဲမြင်ကြည့်စမ်းပါ။ အလုပ်တွေ တွင်ဦးမလား။ ကျွန်တော်တို့ သက်တောင့်သက်သာရှိမလားပေါ့။ ကျပ်တူကျပ် ပန်းခြံက လူအုပ်ကြီးကိုပဲ ၁၀ ယောက်တစ်အုပ်နဲ့ မြင်းလှည်းတင်မလား။ ဘီရှန်းက ရုံးဆင်းတွေကိုပဲ ၁၀ ယောက်တအုပ် နွားလှည်းနဲ့တင်မလား။ ဆူးလေလမ်းမကြီးမှာ နွားလှည်းတွေ တန်းစီရပ်ထားမလား။ စဉ်းစားကြည့်ပေါ့။
လက်ထဲက ခေါက်ဆွဲခြောက်တွေဆိုရင် လူမပါတာကြာပေါ့။ ဝင်းဝင်းဖယောင်းတိုင် စက်နဲ့လုပ်ကိုင် နိုင်ငံကျော်မို့ကွယ် ဆိုတာတောင် ကြိုက်လွန်းလို့ ဝင်းဝင်းဆိုပြီး တဝင်းထဲဝင်းခဲ့ကြတာ။ ရွှေဆိုင်လေးများရောက်ရင် စက်ကြိုးနဲ့ လက်ကြိုးဆိုရင် စက်ကြိုးလေးက ပိုလှတယ်ဆိုပြီး ယူလာတာ။
လူတွေလိုချင်တာအများကြီး။ အိုင်ဖုန်းသာ ဒီနေ့ တွင်ခုံနဲ့ တူထုပြီး နွားလှည်းနဲ့သယ်မယ်ဆိုရင်တော့ဖြင့် အိုင်ဖုန်း စီးရီ ၁ ခုကို ၇ နှစ်လောက် အေးဆေး ထုရောင်းနေရုံပဲ။
လူတွေက လိုချင်တာအများကြီးရှိတယ်။ ပိုကောင်းတဲ့ဘဝတွေလိုချင်တယ်။ ပိုသက်သာတဲ့ ဘဝတွေလိုချင်ကြတာပဲ။ နေ့လည် နွေခေါင်ခေါင်မှာ ဘယ်သူမှ Risk ယူပြီး လန်ချားနဲ့မသွားချင်ဘူး။ လွန်ခဲ့တဲ့ နှစ် ၅၀ ကို ပြန်ကြည့်ရင် တိုးတက်လာတာ အများကြီး။ အဲဒီအပြင် လူတွေရဲ့ လောဘအရ ဖြစ်ချင်တာလည်း အများကြီး။ အဝေးကြီးမကြည့်ပဲ ကျွန်တော်တို့ အိမ်တွေ ပြန်ကြည့်လိုက်ရင်တောင် မစားပဲ အလှထည့်ထားတဲ့ တိုက်ပန်းကန်တွေဆိုတာ ဒုနဲ့ဒေး။ အဲဒီ ဒုနဲ့ဒေးအတွက် ဈေးကွက်ရှိလာတယ်။ အဲဒီဈေးကွက်အတွက် ထုတ်လုပ်အားလိုတယ်။ သူများ ၁၀၀ ထုတ်ရင် ကိုယ် ၁၀၀ ထုတ်ပြီး ကိုယ့်ပစ္စည်းက ပိုကောင်းနေမှ လူတွေက ကြိုက်တာ။
အဲဒီတော့ လူတွေ အမှားနည်းအောင် AI တွေက ဝင်ကူလေလေ ကျွန်တော်တို့အေးဆေးနေရလေလေပဲ။ အဲဒီလို နေဖို့အတွက် လူတွေလည်း နည်းလာပါလိမ့်မယ်။ အခုထိတော့ နည်းမနေသေးတော့ လူတွေကို အစားထိုးနိုင်မယ့်အရာ မပေါ်သေးဘူးလို့ ခန်းမှန်းလို့တာပေါ့။